ဇာတ်လမ်းအကျဉ်း
လွန်ခဲ့တဲ့ လေးနှစ်က scandal တစ်ခုကြောင့် နာမည်ပျက်ပြီး လူ့လောကထဲက ပျောက်ကွယ်သွားခဲ့ရတဲ့ “Dream Boy” ဆိုတဲ့ Idol အဖွဲ့…။ အဲ့ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ ဂျယ်ယောင်း (Stage Name: Happy) ဟာ အခုအချိန်မှာတော့ အတိတ်က ဂုဏ်ပုဒ်တွေကို စွန့်လွှတ်ပြီး စားဝတ်နေရေးအတွက် ပစ္စည်းပို့ဆောင်သူ Deliသမားတစ်ယောက်အဖြစ် ရုန်းကန်နေရပါတယ်။
တစ်နေ့မှာတော့ သူ့အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဆူဂယွန်း တစ်ယောက် အလွန်အကျွံ သောက်စားပြီး သတိလစ်နေတယ်ဆိုတဲ့ သတင်းကြောင့် အပြေးအလွှား သွားရောက်ခဲ့ရာကနေ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့် လူတစ်ယောက်ကတော့ အခုလက်ရှိ ဂီတလောကမှာ အတောက်ပဆုံး Rapper နဲ့ Producer တစ်ယောက်ဖြစ်တဲ့ ဆွန်းမင်း ပါပဲ။ ထူးခြားတာက ဆွန်းမင်းရဲ့ Stage Name ကလည်း ဂျယ်ယောင်းနဲ့ အတူတူ “Happy” ဖြစ်နေတာပါ။ အလင်းရောင်နဲ့ မတည့်တဲ့ (Photosensitivity) ရောဂါကြောင့် အတက်ရောဂါထပြီး လဲကျသွားတဲ့ ဂျယ်ယောင်းကို ဆွန်းမင်းက ကယ်တင်ပေးခဲ့ရုံတင်မကဘဲ မမျှော်လင့်ထားတဲ့ ကမ်းလှမ်းချက်တစ်ခုကိုပါ ပေးခဲ့တယ်။
“မင်း ငါ့ကို သိတယ် မဟုတ်လား? ငါတို့ အတူတူ အလုပ်လုပ်ကြရအောင်… Twogether လေ”
အမှောင်ထဲမှာ ပိတ်မိနေတဲ့ “Happy” အဟောင်းလေး ဂျယ်ယောင်းဟာ တောက်ပလွန်းတဲ့ “Happy” အသစ် ဆွန်းမင်းရဲ့ လက်ကိုဆွဲပြီး ဂီတလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာနိုင်ပါ့မလား? သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက ဘယ်လို အသံသစ်တွေကို ဖန်တီးပေးမလဲ?
