ဇာတ်လမ်းအကျဉ်း
လီအီဟယွန်းရဲ့ ငြိမ်သက်နေတဲ့ နေ့ရက်တွေဟာ လွန်ခဲ့တဲ့ကိုးနှစ်က လမ်းခွဲခဲ့တဲ့ချစ်သူဟောင်း ဂူဆွန်းဟယော့ တစ်ကျော့ပြန်ပေါ်လာတဲ့အခါမှာတော့ ပြာပုံထဲကိုမီးကျသလို ဖြစ်သွားခဲ့ရတယ်။
အီဟယွန်း အလုပ်လုပ်နေတဲ့ Club Nexus ရဲ့ ပိုင်ရှင်အသစ်အဖြစ်ပေါ်လာတဲ့ ဆွန်းဟယော့ဟာ သူတို့ရဲ့ ပြန်လည်ဆုံတွေ့မှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ့်အစား ရွံရှာစက်ဆုပ်ဖွယ် အကြည့်တွေ၊ အဆိပ်လုနေတဲ့ စကားလုံးတွေနဲ့ပဲ ဆီးကြိုခဲ့တဲ့အခါ….
“ဒီမှာ တစ်ကိုယ်ရည်အရောင်းအဝယ်လုပ်ငန်းတွေပါ ဖွင့်ထားတာလား? မင်းက ပိုက်ဆံရဖို့ဆိုရင် မင်းရဲ့ ကိုယ်ခန္ဓာကိုတောင် ရောင်းစားနေပြီပေါ့။”
ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခု အီဟယွန်းရဲ့ ဘဝထဲကို ကျရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ ပြတ်တောက်လုနီးပါး ပတ်သက်မှုဟာ တင်းကျပ်လွန်းတဲ့ ကြိုးတစ်မျှင်လိုပဲ အသက်ရှူရကျပ်အောင် ပြန်လည် ရစ်ပတ်လာပါတော့တယ်။
“ပိုက်ဆံလိုရင်လည်း အကောင်းအတိုင်း ပြောစမ်းပါ။ လူရိုက်ပြီးရတဲ့ ပိုက်ဆံကိုတောင် လိုချင်နေရတဲ့အထိ မင်းက ဒီလောက်တောင် အသည်းအသန်ဖြစ်နေတာလား?”
ကိုးနှစ်ဆိုတဲ့ အချိန်အတောအတွင်းမှာ ဆွန်းဟယော့ရဲ့ မျက်လုံးထဲက အမုန်းတရားတွေဟာ ဘာကြောင့် ဒီလောက်တောင် ပြင်းထန်နေရတာလဲ? အတိတ်က နာကျင်မှုတွေကို ရင်မှာပိုက်ပြီး အမုန်းတွေနဲ့ ပြန်လာတဲ့ ဆွန်းဟယော့နဲ့ ဘဝရဲ့ အနိမ့်ဆုံးအခြေအနေကို ရောက်နေတဲ့ အီဟယွန်း… သူတို့ရဲ့ အမုန်းပွဲက ဘယ်လို အဆုံးသတ်မလဲ?
ဒီဇာတ်လမ်းလေးက သာမန်အချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ချစ်သူတွေအဖြစ်ကနေ ရန်သူတွေအဖြစ်ကို ကူးပြောင်းသွားတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး နာကျင်မှုနဲ့စိတ်ခံစားချက်ကို အပြင်းအထန် နှိပ်စက်မယ့်အခန်းတွေနဲ့ ဒရာမာအပြည့်အဝပါဝင်တာမို့ ဖတ်ရှု့သူတို့ကို ဖတ်နေကြပုံစံမဟုတ်ပဲ ခံစားချက်အသစ်မျိုးပေးနိုင်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။
